ပညာရှိစကားအမှတ်​မှား​တော့ ……….

ထန်းစေ့နှင့်ထန်းပင်ကဲ့သို့ မကျင့်နှင့်၊
ညောင်စေ့နှင့်ညောင်ပင်ကဲ့သို့ ကျင့်ပါလေ
အင်းဝခေတ် မင်းကြီးစွာစော်ကဲ ထီးနန်းစိုးစံစဉ် မြန်မာနှစ် ၇၄၅ ခုနှစ်တွင် ရခိုင်ကို အပိုင်စားရသော စောမွန်ကြီး အနိစ္စရောက်၍ စောမည်းအား စေလွှတ်တော်မူရန် စီစဉ်သည်။
စောမည်းကို မစေလွှတ်မီ ”ထန်းစေ့နှင့်ထန်းပင်ကဲ့သို့ မကျင့်နှင့်၊ ညောင်စေ့နှင့်ညောင်ပင်ကဲ့သို့ လည်းကောင်း ၊ ကြောင်လက်သည်း ဝှက်သကဲ့သို့လည်းကောင်း ကျင့်ပါလေ”ဟုမင်းကြီးစွာစော်ကဲက မှာလိုက်သည်။
စောမည်းသည် ရခိုင်သို့ရောက်လျှင် မြို့တွင်းမြို့ပြင်ရှိ ညောင်ပင်တို့ကိုခုတ်၍ ဆင်စာကျွေးသည်။ အလားတူ ကြောင်တို့ကိုလည်း သတ်စားသည်။ ထို့ကြောင့် ရခိုင်သားနှင့် မသင့်မတင့်ဖြစ်ကာ စောမည်းထွက်ပြေးခဲ့ရသည်။ မင်းကြီး၏ အမှာစကားတို့သည် ပညာရှိ အမတ်ကြီး ဘိုးရာဇာ အကြံပြုစကားတို့ကို မိန့်ကြားလိုက်ခြင်းဖြစ်သည်။
ထန်းစေ့နှင့်ထန်းပင်ကဲ့သို့ မကျင့်ဘဲ ညောင်စေ့နှင့်ညောင်ပင်ကဲ့သို့ ကျင့်ဆိုသည်မှာ ထန်းစေ့သည် အရွယ်ကြီးမားပြီး အပင်ပေါက်သောအခါ ပင်စည်မြင့် မားသော်လည်း အရိပ်မရသဖြင့် အများပြည်သူ ခိုနားရန်အရိပ်မပေးနိုင်ချေ။ ညောင်စေ့သည် သေးငယ်သော်လည်း အပင်ပေါက် သည့်အခါ အရိပ်ကောင်းစွာရသဖြင့် အများပြည်သ ခိုနားနိုင်သည်။ ကြောင်သတ္တဝါတို့၏ သဘာဝမှာ သာမန်အချိန်တွင် မိမိလက်သည်းများကို ဝှက်ထားပြီး အရေးကြုံသောအခါမှသာ ထုတ်သုံးကြသည်။
ထို့ကြောင့် အစေ့ကြီးပြီး အပင်မြင့်သော်လည်း အရိပ်မရသော ထန်းစေ့နှင့်ထန်းပင်ကဲ့သို့ မကျင့်ဘဲ အစေ့သေးသော်လည်း အပင်ကြီးအရိပ်ရသော ညောင်ပင်ကဲ့သို့ ကျင့်၍ ပြည်သူများ အားထားမှီခိုရာဖြစ်အောင် ကျင့်ရန်နှင့် မိမိစွမ်းရည်သတ္တိ တို့ကိုလည်း အခါအခွင့်ကြုံမှသာပြရန်ဟူသော အဓိပ္ပာယ်ဖြင့် ဘိုးရာဇာအကြံပြု လျှောက်တင်ချက်ကို မင်းကြီးစွာစော်ကဲ က စောမည်းအား မှာလိုက်ခြင်းဖြစ်သည်။ သို့သော် စောမည်းအဖို့မှာမူ အကောက်အယူလွဲ၍လော သို့တည်းမဟုတ် မာန်တက်၍လောမဆိုနိုင် ထင်ရာစိုင်းခြင်းကြောင့် အင်းဝသို့ ပြန်ပြေးခဲ့ရသည်။
ဤသို့သောဖြစ်ရပ်မျိုးမှာ မသိသူကို သိအောင်ပြောရန် အခက်အခဲမရှိသော်လည်း သိသူတို့က ဆင်ခြင်တုံတရားရှိရှိဖြင့် လိုက်နာကျင့်သုံးကြရန်မှာမူ သက်ဆိုင်သူ တစ်ဦးချင်းအပေါ် မူတည်ပေသည်။ စာတစ်ကြောင်းကို ဖတ်ပြီးနောက် မိမိကိုယ်မိမိ ဆင်ခြင်တုံတရားဖြင့် ပြုပြင်ကြသူတွေ အများအပြားရှိကြသည်။ စာတစ်ကြောင်းကိုဖတ်၍ မိမိဘဝအောင်မြင် တိုးတက်ရေး အတွက် အားဆေးတစ်ခွက်ပမာ ယုံကြည်ချက် ခံယူချက်ဖြင့် ကြိုးစားကြရာမှ အောင်မြင်မှုရရှိကြသူတွေလည်း ရှိကြသည်။
မည်သည့်လုပ်ငန်း တာဝန်မျိုးမဆို မိမိလုပ်ငန်းတာဝန်အပေါ် တန်ဖိုးထားသူများသည် ကျွမ်းကျင်မှု အရည် အသွေး တောက်ပြောင်စေရန် အမြဲမပြတ် အားထုတ်ကြသူများသာဖြစ်သည်။ မိမိထမ်းဆောင်နေရသော လုပ်ငန်းတာဝန်သည် ဝါသနာနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ကျွမ်းကျင်မှုရှိအောင် အာရုံစူးစိုက် လုပ်ကိုင်ကြရမည်သာဖြစ်သည်။
ယနေ့ခေတ်တွင် ဝိဇ္ဇာနှင့်သိပ္ပံ ပညာရပ်များနှင့် နည်းပညာရပ်တို့သည် ကျယ်ဝန်းလှသည်။ သိမြင်စရာ၊ တတ်စရာတွေက များပြားလှသည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြောင်းလဲမှု လျင်မြန်သော ယနေ့ခေတ်ကြီးတွင် မိမိကတစ်နေရာတွင်တော့ ကျွမ်းကျင်စွာ စွမ်းဆောင်နိုင်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားရပေမည်။
သို့ဖြစ်၍ လူဖြစ်ရသည့်ဘဝတွင် အများအကျိုးဆောင်၍ မိမိအကျိုးအောင်စေသော အကြောင်းတရားများအနက် ဆင်ခြင်တုံ တရား လက်ကိုင်ထားကာ အများကစံပြုထိုက်သူ ဖြစ်အောင် ကြိုးစားအားထုတ်ကြပါရန် စာ​ရေးသူမှ တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။
Credit to မြဝတီိ

Welcome{ ​HERE } ​GO

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.