Facebook, Instagram စတဲ့ Social Media တွေအပါအဝင် Internet ကြီးဟာ တကယ်ကော လုံခြုံသေးရဲ့လား

Facebook, Instagram စတဲ့ Social Media တွေအပါအဝင် Internet ကြီးဟာ တကယ်ကော လုံခြုံသေးရဲ့လား?

Facebook က အခု လက်ပူးလက်ကြပ်မိတော့မှ user တိုင်းရဲ့ Phone Call Log ကိုယူထားတာတွေ ဘာတွေ ဝန်ခံနေတာပါ။ တကယ်တော့ အရင်ကတည်းက သံသယဖြစ်ဖွယ်တွေ ခဏခဏ ကြုံနေရတာ ကြာပါပြီ။ ပုံမှန်အတိုင်းဆိုရင်တော့ Phone ကို လှမ်း Hack ပြီး ကင်မရာယူသုံးတာ၊ Microphone ကို ဝင်နေတဲ့ အသံကို ယူနားထောင်တာတွေဟာ ရုပ်ရှင်တွေထဲမှာသာ မြင်နေရကျပါ။ ဒါပေမယ့် အပြင်မှာပါ တကယ်ဖြစ်နေတာကို ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်အပျက် (၃) ခုနဲ့ ပြောပြပါမယ်။

အဖြစ်အပျက် (၁)
ဒီကိစ္စမျိုးကတော့ သတိရှိတဲ့လူ တော်တော်များများ သတိထားမိပြီးသား၊ ကြုံဖူးပြီးသား ဖြစ်မှာပါ။ Go Pro Hero 6 ထွက်တဲ့ အချိန် ပတ်ဝန်းကျင်လောက်က new product တွေကို စိတ်ဝင်စားတတ်တဲ့ ကျွန်တော်ဟာ Go Pro Hero 6 အကြောင်းကို PC က Chrome Browser မှာ information search လုပ်ဖြစ်ပါတယ်။ ရှိသမျှ Browser တွေ App တွေ အားလုံးကို Same Google Account နဲ့ ချိတ်ထားလေ့ရှိတဲ့ကိုယ်ဟာ နောက်တစ်ရက်ကျတော့ Facebook မှာရော Instagram မှာပါ Go Pro Hero 6 Ad တွေ ပလူပျံနေပါတော့တယ်။ ဒီအကြောင်းကို ကျွန်တော် Post တစ်ခါ တင်ဖူးပါတယ်။ တော်တော်များများလဲ ကြုံနေရကျ ကိစ္စပါ။

အဖြစ်အပျက် (၂)
နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားမပြောရတာ ကြာလို့ Messenger ကနေ Voice call ခေါ်ဖြစ်ပါတယ်။ အလာပ သလာပ ပြောရင်း ပိတ်ရက်တွေမှာ ခရီးသွားချင်တဲ့ အကြောင်းတွေ ပါလာပါတယ်။ သင်္ကြန်အတွင်း Bangkok သွားဖို့ Hotel တွေ Booking လုပ်ထားတဲ့ အကြောင်းပြောရင်းနဲ့ Phuket အကြောင်းတွေပါပါလာပါတယ်။ ကိုယ်က Phuket မရောက်ဖူးသေးတော့ Phuket ကိုလဲ သွားချင်ကြောင်း၊ သွားရင်ကောင်းမလား ဘာညာ တိုင်ပင်ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်တစ်ရက်မှာ Messenger က Ad တွေမှာ Phuket က Hotel အကြောင်းတွေ ပြပါတော့တယ်။ ဟုတ်ကဲ့… Messenger မှာ Text message နဲ့ Chat တာ မဟုတ်ပါဘူး။ Messenger Voice Call မှာ အသံနဲ့ ပြောခဲ့တာပါ။

အဖြစ်အပျက် (၃)
Recent အဖြစ်ဆုံးနဲ့ ရုပ်အပေါက်ဆုံး အဖြစ်အပျက်ပါ။ ပြီးခဲ့တဲ့ (၂) ပတ်လောက်က အလုပ်ကိစ္စနဲ့ မန္တလေးကို ခဏရောက်ပါတယ်။ ပြန်ခါနီးညမှာ အတူသွားတဲ့ အကိုနဲ့ Bar တစ်ခုခုထိုင်မယ် ဆိုပြီး ပြောဖြစ်ပါတယ်။ အဲဒီမှာ အဲဒီအကိုရဲ့ မန္တလေးက သူငယ်ချင်းက လာခေါ်ပေးပြီး ကားပေါ်ရောက်တော့ ဘယ်သွားမလဲ ဘာညာ တိုင်ပင်ကြရင်း Apex bar က ကောင်းတယ် ဘာညာ ပြောပြပါတယ်။ ကိုယ်တွေလဲ မန္တလေး night life အကြောင်းမသိတော့ သူပြောတာ အကုန် ဟုတ်ကဲ့ ဟုတ်ကဲ့ပေါ့။ ဒါနဲ့ အတူသွားတဲ့ အကိုက Apex bar ကို ဖုန်းဆက်ပြီး booking လှမ်းလုပ်ဖို့ ကြိုးစားပါတယ်။ ကံဆိုးချင်တော့ Apex bar က အဲဒီနေ့က ပိတ်တဲ့အတွက် တခြား bar တစ်ခုရောက်သွားပါတယ်။ အဲဒီညက data အမြဲဖွင့်ထားလေ့ ရှိတဲ့ ကျွန်တော့်အနေနဲ့ Chat ထဲမှာရော၊ Voice call မှာရော၊ ဖုန်းဆက်ပြီးတော့ရော ဘယ်သူ့ကိုမှ Apex bar အကြောင်း မပြောဖြစ်ပါဘူး။ သွားဖြစ်ခဲ့တဲ့ bar ကိုလဲ check in တွေ ဘာတွေ မဝင်ဖြစ်ပါဘူး။ ဒါပေမယ့် နောက်တစ်နေ့မှာပဲ Facebook က Apex bar ကြော်ငြာတွေ ပြပါတော့တယ်။

ကျွန်တော် မန္တလေးကို အလုပ်ကိစ္စနဲ့ရော Personal ကိစ္စနဲ့ပါ တစ်နှစ်ကို အနည်းဆုံး ၄ – ၅ ခေါက်သွားဖြစ်ပါတယ်။ ညဘက်တွေလဲ ညစာ ထွက်စားတာ နောက်ကျလို့ အပြင်က ဆိုင်တွေမှာ ၉ နာရီ ၁၀ နာရီ ထိုးတာမျိုးတွေ ဖြစ်ဖူးပါတယ်။ ဒါပေမယ့် တစ်ခါမှ မန္တလေးက bar ကြော်ငြာတွေ မပြဖူးပါဘူး။ အဲဒီနေ့မှာမှ ပထမဆုံးအကြိမ် bar ကြော်ငြာ စပြတဲ့အပြင် ညက လောလောလတ်လတ် စကားပြောတဲ့ အထဲမှာ ပါတဲ့ Apex bar ကြော်ငြာ တစ်ခုတည်းကိုပဲ ပြတာပါ။

သေချာစဉ်းစားကြည့်ရင် data ဖွင့်ထားတဲ့အချိန် Microphone feed ကို ဆက်တိုက်ယူနေတာကလွဲလို့ တခြားဘာမှ စဉ်းစားကြည့်လို့ကို မရပါဘူး။ microphone feed ကို ယူနေပြီဆိုမှတော့ camera feed တို့ GPS feed တို့ကိုလဲ မယူနေစရာ အကြောင်းမရှိပါဘူး။ ကြောက်တတ်ရင် တော်တော် ကြောက်ဖို့ကောင်းပါတယ်။

Credit:Khun Thi Ha

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.