“ပုရွက်ဆိတ်နှင့် ခေါင်းဆောင်မှုစွမ်းရည်”

ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် နေရာတကာလိုလို တွေ့ရှိရတတ်သည်မှာ ပုရွက်ဆိတ်များပင် ဖြစ်လေသည်။ အမြဲလိုလို တွေ့နေရသည့် သတ္တ၀ါဖြစ်သည့်အတွက် အထူးအဆန်းလုပ်ကာ စာတစ်တန်ပေတစ်တန်ဖွဲ့ပြီး ရေးနေစရာအကြောင်းမရှိဟု ထင်မြင်လျှင် မှားပေလိမ့်မည်။ နေရာတကာလိုလို မြင်တွေ့ရတတ်သည့် ပုရွက်ဆိတ်ကလေးများတွင် အလွန်ထူးချွန်သော ခေါင်းဆောင်မှုစွမ်းရည်များ (Leadership Skills) ရှိနေသည်။ ခေါင်းဆောင်မှုအပိုင်းတွင် တာဝန်ယူဆောင်ရွက်နေသော အချို့သော လူပုဂ္ဂိုလ်များတွင်ပင် ပုရွက်ဆိတ်များကဲ့သို့သော ခေါင်းဆောင်မှုအရည်အသွေးများ ရှိမနေပါ။ ထိုသူများအနေဖြင့် ပုရွက်ဆိတ်များကို ဆရာတင်ကာ သင်ခန်းစာရယူသင့်ပေသည်။ ပုရွက်ဆိတ်များတွင် တွေ့ရတတ်သည့် ခေါင်းဆောင်မှုစွမ်းရည်(၅)မျိုးကို စဉ်းစားဆင်ခြင်နိုင်ရန် ရှာဖွေတင်ဆက်ပေးလိုက်ပါသည်။

(၁) အလုပ်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ခြင်း

ပုရွက်ဆိတ်များ၏ အဘိဓာန်တွင် အလုပ်ဖိစီးမှုဟူသည် လုံးဝမရှိပေ။ ပုရွက်ဆိတ်များသည် အစာရှာဖွေသည့် အလုပ်ကိုလုပ်ဆောင်ရာတွင် မည်မျှလောက်အရွယ်အစား ကြီးမားသည့် အစားအသောက်ကိုဖြစ်စေ မရရအောင် သယ်ဆောင်ချီပိုးလေ့ရှိသည်။ လက်လျှော့သွားသည် မရှိပေ။

ဆိုလိုသည်မှာ တိရိစ္ဆာန်ဖြစ်သည့် ပုရွက်ဆိတ်များပင်လျှင် ထိုသို့သော စိတ်ဓာတ်မျိုးရှိသည်ဖြစ်ရာ လူသားခေါင်းဆောင်များအနေဖြင့် အလုပ်မည်မျှပင် များပြားပင်ပန်းစေကာမူ လက်လျှော့ခြင်း၊ အလုပ်ဒဏ်ပိခြင်း၊ ရှောင်လွဲခြင်း၊ လက်အောက်ငယ်သားများအပေါ် အနိုင်ကျင့်လွှဲချခြင်း၊ သူတစ်ပါးအပေါ် အပြစ်ဖို့ခြင်း မပြုသင့်ပေ။ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်အောင် တာဝန်ယူပြီး ဦးစီးလုပ်ကိုင် ဆောင်ရွက်သင့်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

(၂) အသင်းအဖွဲ့ စိတ်ဓာတ်ရှိခြင်း

သေးငယ်သော ပုရွက်ဆိတ်သည် သူ့ထက်အဆမတန်ကြီးမားသော အစာကို သယ်ယူနိုင်စွမ်းရှိသည်ကို အားလုံးအသိပင်။ သို့သော် ပုရွက်ဆိတ်များတွင် ချစ်စရာကောင်းသည့် အမူအကျင့်မှာ အစားအသောက် အရွယ်အစားကြီးမားလွန်းပါက အုံလိုက်ကျင်းလိုက် သယ်ယူကြခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် မည်မျှပင် အရွယ်အစားကြီးမားသည့် အစားအသောက်ဖြစ်ပါမူ အသင်းအဖွဲ့စိတ်ဓာတ်ရှိခြင်းကြောင့် အောင်မြင်စွာသယ်ယူနိုင်ကြသည်။ ထိုသို့ သယ်ယူရာတွင် နောက်လိုက်ပုရွက်ဆိတ် တစ်ကောင်တစ်မြီးမျှကိုပင် ချန်ထား၊ ဖယ်ကျဉ်ထားလေ့ မရှိပေ။ ညီညွတ်စွာဖြင့် လုပ်ကိုင်ဆောင်ရွက်လေ့ရှိကြပြီး အောင်မြင်မှုကို ရယူနိုင်ကြသည်။

လူသားခေါင်းဆောင်များအနေဖြင့်လည်း ပုရွက်ဆိတ်များကဲ့သို့ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် မိမိတို့၏ ရည်မှန်းရာပန်းတိုင်ကို ညီညီညွတ်ညွတ် ဆုပ်ကိုင်လှမ်းယူသင့်ကြောင့် ထောက်ပြလိုခြင်းဖြစ်သည်။ ခက်ခဲပင်ပန်းစွာ ရုန်းကန်ကြစဉ်က နောက်လိုက်ငယ်သားများ၏ အကူအညီပေါ် များစွာမှီခိုခဲ့ကြသည်။ အောင်မြင်မှုအသီးအပွင့် ခူးဆွတ်ချိန်တွင် နောက်လိုက်ငယ်သားတို့၏ ပံ့ပိုးကူညီမှုကို အသိအမှတ်ပြုရန် လစ်လျူရှုခြင်းသည် ခေါင်းဆောင်ကောင်းတို့၏ အရည်အသွေးမဟုတ်ပေ။ ထို့အပြင် ငါတစ်ကောစိတ်ဓာတ်ဖြင့် ထင်ရာစိုင်းခြင်းသည်လည်း ခေါင်းဆောင်းကောင်းတို့၏ အရည်အချင်းမဟုတ်ပေ။

(၃) စည်းလုံးမှုရှိခြင်း

ပုရွက်ဆိတ်ကလေးများသည် အစားအသောက်ကို သယ်ပိုးရာတွင် ဦးတည်ချက်တူစွာ သယ်ယူလေ့ ရှိကြသည်ကို သတိပြုမိကြမည် ထင်ပါသည်။ သူတစ်လူ၊ ငါတစ်မင်း အမူအကျင့်ဖြင့် ကိုယ်ထင်ရာ ကိုယ်သယ်ဆောင်သည့် အကျင့်မရှိတတ်ပေ။ ဆိုလိုသည်မှာ အလုပ်တစ်ခုကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် စည်းလုံးညီညွတ်မှုမှာ လွန်စွာအရေးကြီးကြောင်းပင်ဖြစ်သည်။ ခေါင်းဆောင်ကောင်းတို့မည်သည် စည်းလုံးညီညွတ်မှုကို အခြေပြုသော ဦးဆောင်နိုင်ခြင်းမျိုးကို ဆောင်ကြဉ်းပေးသင့်ပေသည်။ မိမိတို့၏ အဖွဲ့အစည်းအတွင်း တူညီသောရည်မှန်းချက်ဖြင့် တစ်စည်းတစ်လုံးတည်း ဥမကွဲသိုက်မပျက်အောင် ဆောင်ရွက်နိုင်မှသာလျှင် ခေါင်းဆောင်ကောင်းမည်ပေသည်။ သို့မဟုတ်ပါက ရည်မှန်းချက်ကိုပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ဝေးစွ။ အဖွဲ့အစည်းတွင်း စည်းရုံးရေးကိုပင် အတော်တည်ဆောက်ယူရ ပေလိမ့်မည်။

ပုရွက်ဆိတ်ကလေးများကဲ့သို့ စည်းလုံးမှုကို တည်ဆောက်နိုင်ဖို့ရာ ခေါင်းဆောင်များတွင် အတ္တကင်းဖို့လိုပေသည်။ ပုရွက်ဆိတ်များသည် အစားအသောက်ကိုတွေ့ရှိလျှင် အချင်းချင်း သတင်းမျှဝေပြီး သယ်ယူလေ့ရှိသကဲ့သို့ ခေါင်းဆောင်ကောင်း တို့မည်သည်လည်း အခွင့်အရေးကောင်းများကို မိမိတို့တစ်ဦးတည်း အတ္တကြီးစွာဆုပ်ကိုင်ထားခြင်း မပြုသင့်ပဲ မိမိလက်အောက်ငယ်သားများအတွက်ပါ အမြဲတစေ ထည့်သွင်းစဉ်းစားဖို့ လိုပေသည်။ သို့မှသာ မိမိ၏ ခေါင်းဆောင်မှုနောက်တွင် စည်းလုံးညီညွတ်စွာ လိုက်ပါဆောင်ရွက်ကြပေလိမ့်မည်။

(၄) အနာဂတ်အတွက် ပြင်ဆင်ခြင်း

ပုရွက်ဆိတ်များသည် အစားအသောက်များကို တစ်ထိုင်တည်းစားပစ်လေ့ မရှိပေ။ သဲကြီးမဲကြီး သယ်ဆောင်နေကြသည်မှာ ၄င်းတို့၏သဘာဝနှင့် ကိုက်ညီမှုမရှိသော အချိန်ခါတွင် အဆင်သင့် စားသောက်နိုင်ရန် ကြိုတင်စုဆောင်းထားခြင်းဖြစ်သည်။ ရာသီဥတုဆိုးရွာချိန်တွင် အရံသင့်စားသောက်နိုင်ရန် စုဆောင်းပြင်ဆင် ထားခြင်းဖြစ်သည်။ ပုရွက်ဆိတ်များ ခိုအောင်းရာနေရာတွင် အစားအသောက်များ စုဆောင်းထားမှုကို တွေ့ရှိရမည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းတို့ မည်သည်လည်း မိမိတို့၏ အနာဂတ်အတွက် ကြိုတင်ပြင်ဆင် ထားဖို့လိုပေသည်။ အနာဂတ်ဟူသည် မမြင်နိုင်သောအရာတို့ဖြင့် ပြည့်နှက်လျက်ရှိပေရာ ကြိုတင်ပြင်ဆင်ထားခြင်းသည် အနာဂတ်၏ မမြင်နိုင်သောအန္တရာယ်ကို ကာကွယ်သည့် အကောင်းဆုံးသော နည်းလမ်းပင်ဖြစ်သည်။

အဖွဲ့အစည်းတိုင်းသည် ခေါင်းဆောင်တို့၏ လက်ဝယ်တွင်ရှိရာ ခေါင်းဆောင်ကောင်းများ၏ အနာဂတ်အတွက် ပြင်ဆင်ထားခြင်းဟူသော အရည်အသွေးအပေါ် များစွာတည်မှီလေသည်။ “လှေဦးစို၊ စိုသည့်အခိုက်” ဆိုသကဲ့သို့ပင် အနာဂတ်ကို မျှော်မှန်းကြည့်နိုင်စွမ်းမရှိဘဲ မျက်တောင်တစ်ဆုံးစာ အခွင့်အရေးကလေးကိုပင် အာသာငမ်းငမ်း မက်မောနေလျှင် မျက်စိတစ်ဆုံးစာ အခွင့်အလမ်းကောင်းများကို လက်လွတ်ဆုံးရှုံးရမည် ဖြစ်ကြောင်းကိုလဲ သတိချပ်သင့် ပေသည်။

(၅) အလုပ်ကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း

ပုရွက်ဆိတ်ကလေးများကို ကြည့်လိုက်လျှင် အမြဲလိုလို အစားအသောက်ရှာဖွေသည့် အလုပ်ကို လုပ်ဆောင်နေမည်ဖြစ်ပြီး ရှာဖွေတွေ့ရှိလျှင်လည်း တစ်ကောင်ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ထိုအစားအသောက်ကို မရရသည့်နည်းလမ်းဖြင့် ဇွဲလုံ့လကြီးစွာ သယ်ဆောင်နိုင်ကြသည်ချည်းဖြစ်သည်။ မည်သည့်ပုရွက်ဆိတ်မျှ လမ်းခုလတ်တွင် ထိုအစားအသောက်ကို ပစ်ထားခဲ့သည်ဟု မရှိပေ။ ထိုကဲ့သို့ပင် ခေါင်းဆောင်ကောင်းတို့မည်သည် အလုပ်တစ်ခုကို အဆုံးတိုင် ပြီးမြောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်သည့် အရည်အချင်းရှိရန် လိုအပ်ပေသည်။

ထိုသို့ ပြီးမြောက်အောင်မြင်စွာ လုပ်ဆောင်နိုင်သည့် အရည်အသွေးရှိမှသာလျှင် မိမိတို့၏ အဖွဲ့အစည်းကို အထွတ်အထိပ်သို့ ဦးဆောင်နိုင်မည်ဖြစ်သည်။ လက်အောက်ငယ်သားများ၏ စံနမူနာယူစရာ ပုဂ္ဂိုလ်ဖြစ်ပေလိမ့်မည်။ ခေါင်းဆောင်းမှ အစပြုကာ အလုပ်တစ်ခုကို သေသပ်အောင်မြင်စွာ လုပ်ကိုင်နိုင်စွမ်းမရှိလျှင် အဖွဲ့အစည်း၏ အနာဂတ်သည် မတွေးဝံ့စရာပေ။ အဖွဲ့အစည်းတိုင်းတွင် ခေါင်းဆောင်ဟူသည် အခရာဖြစ်ရာ အလုပ်ကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်းသည် အဖွဲ့အစည်းတိုင်းအတွက် ခေါင်းဆောင်ကောင်းတို့၏ မရှိမဖြစ် လိုအပ်သော အရည်အချင်းတစ်ရပ် ဖြစ်ပေသည်။

နိဂုံးချုပ်အနေဖြင့်ဆိုရသော် မိမိတို့ကျင်လည်ရာ ပတ်ဝန်းကျင်နှင့် အဖွဲ့အစည်းတို့၏ ခေါင်းဆောင်များတွင် ထိုကဲ့သို့သော အရည်အသွေးများ ရှိ/မရှိကို အကဲဖြတ် ဆန်းစစ်စေလိုသည်။ မိမိတို့ကိုယ်တိုင်လဲ ထိုကဲ့သို့သော အရည်အချင်းများ ရှိ/မရှိကို ပြန်လည်သုံးသပ်ရန် လိုအပ်ပေသည်။ ထိုကဲ့သို့သော အရည်အသွေးများ မရှိပါက ခေါင်းဆောင်ကောင်းတို့၏ အခေါ်အဝေါ်ဖြင့် မထိုက်တန်သူသာ ဖြစ်ပေလိမ့်မည်။ အဟိတ်တိရိစ္ဆာန်ဖြစ်သော ပုရွက်ဆိတ်မျှလောက်ပင် လူ့ဘောင်လောကအတွက် အသုံးတည့်သူ မဟုတ်ပေ။ လူ့ဘောင်လောကတွင် မရှိသင့်/မရှိထိုက်သော ဗာလခေါင်းဆောင်များပင် ဖြစ်ပေသည်။

Credit

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.