ဟုမ္မလင်းတွင် ညီအစ်ကိုနှစ်ဦးကို သေနတ်ဖြင့်ပစ်သော ရဲအား လူသတ်မှုဖြင့် ဖမ်းဆီး

———————————-
အိအိမွန်
ဟုမ္မလင်း-ဧပြီ ၁၈

ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်ရှိ ရေကစားမဏ္ဍပ်မှ ရေကစားပြန်လာသည့် ညီအစ်ကိုနှစ်ဦးသည် ရဲများကိုဆဲဆိုသဖြင့် သေနတ်ဖြင့် ပစ်သတ်ခဲ့သော ရဲဒုတပ်ကြပ် အား လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီး အရေးယူထားကြောင်းဟုမ္မလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်စိုးက ပြောသည်။

နှစ်ဆန်းတစ်ရက်နေ့ နေ့လည်ပိုင်းက ရေကစားမဏ္ဍပ်တွင် မူးယစ်ပြီး အမျိုးသမီးနှစ်ဦးနှင့် ရန်ဖြစ်သဖြင့် နေအိမ်သို့ပြန်ရန်ဖြောင်းဖျ ပြောဆိုရင်း ညီအစ်ကို နှစ်ဦးက မချေမငံပြောဆိုခဲ့သည်ဟု ရဲကဆိုသည်။
ရဲအုပ်နှင့် ဒုရဲတပ်ကြပ် နှစ်ဦးအား ညစ်ညမ်းစွာ ဆဲဆိုခဲ့သဖြင့် လိုက်လံဖမ်းဆီးရင်း ခြောက်လှန့်ပစ်ခက်ရာမှ ဦးခေါင်း သေနတ်မှန်ကာ ညီအစ်ကိုနှစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဒီမှာက နှစ်ဆန်းတစ်ရက်နေ့ထိ ရေကစားတယ်။ရေကစားမဏ္ဍပ် အနောက်ဘက်မှာ ရန်ဖြစ်တော့ရဲကိုအကြောင်းကြားတာ။ရဲက ဖြန်ဖြေပေးလိုက်တယ်ပေါ့။အဲဒီမှာ ရဲကို ညစ်ညမ်းစွာ ဆဲဆိုတယ်လို့ ပြောပါတယ်။ရဲအုပ်ရဲ့တပည့် ဒုတပ်ကြပ်က ခြိမ်းခြောက်သလို ပစ်လိုက်တာ။အဲဒီရဲကို အမှုဖွင့်ပြီး ဖမ်းဆီးထားပါတယ်။စစ်ဆေးပြီးတာတွေလုပ်ပြီးရင် ဥပဒေနဲ့အညီ တရားစွဲဆိုတာတွေ လုပ်သွားမှာပါ”ဟု ဟုမ္မလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်စိုးက ပြောသည်။

ရဲများကို မချေမငံပြောဆိုပြီး မောင်းနှင်သွားသဖြင့် လိုက်လံဖမ်းဆီးရာမှ ဖမ်းမိစဉ် ဆဲပြီး ပြန်လည် ထွက်ပြေးသဖြင့် ဒုရဲတပ်ကြပ်က( M 16 )မောင်းပြန် ရိုင်ဖယ် ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ပစ်လိုက်သော သေနတ်ကျည်ဆံသည် ဆိုင်ကယ်အနောက်တွင်ထိုင်နေသည့်အစ်ကို ဖြစ်သူ၏ ဦးခေါင်းကို ဖောက်ကာ ရှေ့မှ ညီဖြစ်သူ၏ ဦးခေါင်းနောက်စေ့ကိုပါ ဆက်မှန်ပြီး သေသွားခဲ့ခြင်းဖြစ်သည်။

‎သေဆုံးသွားသူ နှစ်ဦးမှာ ဟုမ္မလင်းမြို့နယ် ဆာဖာကျေးရွာမှ ဖြစ်ပြီး အသက် ၂၀ကျော် ညီအစ်ကို နှစ်ဦးဖြစ်သည်။

Monywa Gazette

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.