တပ်မတော်အရာရှိများ စီးလာသည့်ကားများ အပါအဝင် လိုင်စင်မဲ့ကား ၁၂ စီးဖမ်းမိ

By ဒီဗွီဘီ 23 April 2018 Print

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ တပ်မတော်အရာရှိတွေ စီးနင်းလာတဲ့ ကားတွေ အပါအဝင် လိုင်စင်မဲ့ မော်တော်ကား ၁၂ စီးကို နယ်မြေရဲစခန်းက ဖမ်းဆီးပြီး ဧပြီ ၂၁ ရက်က ပို့ကုန်သွင်းကုန်နဲ့ အမှုဖွင့်ထားတယ်လို့ နယ်မြေရဲ စခန်းက သိရပါတယ်။

လိုင်စင်မဲ့ကားတွေ ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး နယ်မြေရဲစခန်းမှူး ရဲအုပ်တင်ဆန်းဦးက “ဖမ်းတဲ့ကားတွေမှာတော့ တပ်မတော်က အရာရှိတွေ ပါပါတယ်။ မနေ့က ကားတွေအားလုံးကို အမှုဖွင့်ထားပါတယ်။ အဓိကတော့ ကြာအင်းဆိပ်ကြီးသွားတဲ့လမ်းပေါ်က လိုင်စင်မဲ့ကားတွေကို ရှောင်တခင်စစ်ဆေးပြီး လိုင်စင်မဲ့ကားတွေပါလို့ ပို့ကုန်သွင်းကုန် ပုဒ်မ (၈) နဲ့ အရေးယူထားပါတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးရမိသော မော်တော်ကား စုစုပေါင်း ၁၂ စီးအနက် တပ်မတော်မှ အရာရှိတွေ စီးလာတဲ့ ကားက ၄ စီးဖြစ်ပြီး ၃ ပွင့်နဲ့ ဗိုလ်ကြီးအဆင့် ၃ ဦးပါရှိပြီး ၂ ပွင့်နဲ့ ဒုဗိုလ် တဦးပါရှိကြောင်း၊ အခုလက်ရှိ တပ်မတော်က ခေါ်ဆောင်သွားပြီဖြစ်ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

ဖမ်းဆီးထားတဲ့ကားတွေကတော့ ToyoTaCrown ကား(၃)စီး၊ Alphard (၁)စီး၊ Jeep (၁)စီး၊ Mark X (၂)စီး၊ Wish (၂)စီး၊ Hijet (၁)၊ Nissan Note (၁) စီးတို့ဖြစ်တယ်လို့ သိရပြီး မြ၀တီကနေ မောင်းနှင်လာတဲ့ ကားတွေဖြစ်ပါတယ်။

ချောင်းနှစ်ခွနယ်မြေရဲစခန်းက ရှောင်တခင်ဖမ်းဆီးလိုက်တာဖြစ်ပြီး ဧပြီ ၂၀ ရက်က ဟွန်ဒါဖစ်ယာဉ်တစ်စီးကို အရင် ဖမ်းဆီးပြီး နောက်တနေ့မှာ လိုင်စင်မဲ့ကား ၁၁ စီးကို ထပ်မံ ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

ယာဉ်မောင်းတဦးက “မနေ့က ဖမ်းဆီးတဲ့ကားက အားလုံးပါင်း ၁၁ စီးပါ။ အဲ့ကားတွေမှာ တပ်မတော်က အရာရှိကြီးတွေ စီးလာတဲ့ကားလည်းပါတယ်။ သူတို့ကိုတော့ မနေ့ညက တပ်နယ်မှူးက လာခေါ်သွားတယ်လို့ ကြားတယ်။ ကားတွေအကုန်လုံးကို တခါတည်းသိမ်းပြီး အမှုဖွင့်လိုက်တာ”လို့ ပြောပါတယ်။

လိုင်စင်မဲ့ကားတွေဟာ မြဝတီ၊ တာချီလိတ်လမ်းကြောင်းက အဓိကဝင်ရောက်နေတာ ဖြစ်တဲ့အပြင် ရန်ကုန်၊ မန္တလေးမြို့ကြီးကလွဲရင် တနိုင်ငံလုံးအနှံ့အပြား စီးနင်းနေကြတာ ဖြစ်ပါတယ်။

သတင်း – ကိုဇက်

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.